ပြင်ဦးလွင်မြို့၏ နွေရာသီသည် အေးမြလှပါသည်။ မန္တလေးဆောင်းထက်ပင် အအေးပိုနိုင်ပါသည်။ ချမ်းလွန်းလှသည် မဟုတ်သော်လည်း အေးမြမြနှင့် မန္တလေးဆောင်းတွင် အသုံးမပြုခဲ့ရသော ဂွမ်းစောင် အထူကိုပင် ခြုံအိပ်ရပေသည်။
ရောက်တုန်းရောက်ခိုက် မနေ့က ပွဲကောက်ရေတံခွန်ဘက် သွားဖြစ်သည်။ အရင် ၂၀၀၈ခုနှစ်လောက်က တစ်ခေါက်ရောက်ဖြစ်သေးသည်။ ပွဲကောက်ရေတံခွန်က အရင်နှင့် ယခုတော့ ကွာခြားသွားပါသည်။ ယခင် ကျွန်မ ရောက်ခဲ့စဥ်က ယခုကဲ့သို့ လူလုပ် အဆောင်အယောင်တွေ မပေါများသေး။
သဘာဝရေတံခွန်ကို အနည်းငယ် မွမ်းမံယုံသာ။ ယခုကတော့ အတော်ကြီးကို ပြုပြင်ထားပြီဖြစ်သည်။ သဘာဝထက် ကျော်လွန်ကာ အဆောင်အယောင်များနေပေပြီ။ ခေတ်မီကစားကွင်း ဒိုင်နိုဆောကမ္ဘာ ကေဘယ်ကား ပြိုင်ကားကွင်း စသည်ဖြင့် ရေတံခွန်၏ အေးမြခြင်းအရသာ ပျောက်လုနီးပေမဲ့ အနားယူ၍ ကောင်းသော နေရာတစ်ခုဖြစ်ပါသည်။
ယခင်က မရှိခဲ့သော ယခုမှ ပြင်ဆင်ထားသော နေရာလေးတစ်နေရာတော့ ကျွန်မနှစ်သက်လှပါသည်။ ထိုနေရာက တောတွင်းလျှောက်လမ်းဖြစ်သည်။ တောလမ်းအတိုင်းလျှောက်လာပြီး ရေတံခွန်ငယ်များ ကျေးဌက်သံများနှင့် သစ်ရိပ်ဝါးရိပ်၏ အေးမြခြင်းကို အပြည့်အဝ ခံစားနိုင်သော နေရာဖြစ်သည်။ အေးချမ်းလှပေသည်။
ပွဲကောက်ရေတံခွန် ရောက်ရင်တော့ ထိုတောတွင်းလျှောက်လမ်းလေးကို မဖြစ်မနေ လျှောက်ခဲ့ပါဟု တိုက်တွန်းချင်ပါသည်။ တနေကုန်လည်ပတ် အပန်းဖြေရန် နေရာကောင်းဖြစ်သဖြင့် စိတ်အပန်းဖြေရန် အလွန်ကောင်းပါသည်။ ထိုကြောင့် စိတ်အမောတွေပြေရန် မိသားစုလိုက် အေးချမ်းမှုရှာနိုင်ရန် တွေ့ကြုံသမျှကို ရေးသားလိုက်ပါသည်။